အသုံးနှင့်
အဖြုန်းကို ခွဲခြား၍သုံးပါ
ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ
လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင်
ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။
သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင်
မည်မျှကြိုးပမ်းကြပါသနည်း။
မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးသုံးသပ် ဝေဖန်သင့်ပါသည်။ဤနေရာတွင်
စာရေးသူသည် လောကီရေးရာလူမှုဘ၀ဟူသော ဘောင်အတွင်း မှ ရှုမြင်သုံးသပ် ရေးသားသွားရန် ရည်ရွယ်ပါသည်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွင် ငွေ သည်
လူတို့၏နေ့စဉ်ဘ၀ တွင်အရေးပါသော ကိရိယာတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့၏ဓန (Wealth) ကိုလည်း
ငွေ နှင့်သာ တိုင်းတာကြပါသည်။
ထို့ကြောင့် ဆင်းရဲခြင်းလွတ်ကင်းအောင် နည်းလမ်းစဉ်းစားရာတွင်
ငွေရှာဖွေခြင်းနှင့် ငွေသုံးစွဲခြင်းသည် အဓိက စဉ်းစားရမည့် ဦးစားပေး အချက်တစ်ရပ်ဖြစ်လာပါသည်။
အထူးသဖြင့် စီးပွားရေးကျဆင်းနေသော ယခုအခါမျိုးတွင်၏ လူတိုင်းလူတိုင်း ဆင်းရဲခြင်း
လွတ်ကင်းအောင် ကြိုးပမ်းလိုကြပေသည်။
ဆင်းရဲခြင်းလွတ်ကင်းအောင် ဟူ၍ဆိုလိုက်လျှင်
ချွှေတာပါဟူသော စကားသည် အလိုအလျောက် အလွယ်တကူ နားလည်ကြသည်မှာ မသုံးစွဲဘဲနေကြဖို့ ပြောသည်ဟု
နားလည်ကြသည်။ ဤသည်မှာ မှားယွင်းနားလည်ချက်သာဖြစ်ပါသည်။
ချွေတာခြင်းဟူသော ဝေါဟာရသည် Economy ဟူသော
ဝေါဟာရကိုဘာသာပြန်ထားခြင်းဖြစ်ပါသည်။ မူရင်းအင်္ဂလိပ်စကားမဟုတ်ချေ။ စကားလုံး၏ နောက်ကြောင်းသမိုင်းကို
မတူးဆွတော့်ဘဲ လိုရင်းကိုသာ ရှင်းလင်း ပါမည်။ ချွေတာခြင်းဆိုသည်မှာ အသုံးနှင့်အဖြုန်းကို
ခွဲခြား နားလည်၍ သုံးတက်ခြင်းကိုဆိုလိုပါသည်။
ဖြုန်းသည်ဆိုသည်
မလိုအပ်ဘဲ သုံးခြင်းဟု ယေဘုယျအားဖြင့် နားလည်ကြပါသည်။ အမှန်စစ်စစ် ယင်းထက် ပို၍ အဓိပ္ပါယ်ကျယ်ပြန့်ပါသည်။
မသုံးသင့်သည်ကိုသုံးခြင်းသည် ဖြုန်းခြင်း ဖြစ်သကဲ့သို့ သုံးသင့်သည်ကို မသုံးဘဲ ထားခြင်းသည်လည်း
ဖြုန်းခြင်းပင်ဖြစ်ပါသည်။
ဥပမာ- တစ်လတစ်ကြိမ်ခန့်လူငယ်များ ရုပ်ရှင်၊ဗီဒီယိုကြည့်ခြင်း
သည်ဖြုန်းသည်ဟု မဆိုနိုင်ပါ။ သို့ရာတွင် တစ်နေ့တည်း ဆက်တိုက်ကြည့်ခြင်းမျိုး၊ အခွေ
၁၀ ချပ်ကို တစ်ထိုင်တည်းကြည့်ခြင်းသည် ဖြုန်းရာရောက်ပါသည်။ထို့အတူ အချွေတာခြင်းမဟုတ်ပါ။ကြာရှည်လာသော်
အစာအိမ်ေ၇ာဂါရလျှင်ချွေတာစုဆောင်း ခဲ့သမျှ ဆေးဖိုးဝါးခနှင့် ကုန်သွားတက်ပါသည်။ ထို့ကြောင့်သုံးခြင်းနှင့်
ဖြုန်းခြင်းကို မှန်မှန်ကန်ကန် ခွဲခြား နားလည်ပြီး သုံးစရာရှိလျှင်သုံး၍၊ ဖြုန်းခြင်းဟု
ယုံကြည်လျှင် မသုံးဘဲ နေခြင်းသည် ချွေတာခြင်း ဖြစ်ပါသည်။
များမကြာမီသေးမီက ဂျာနယ်တစ်ခုတွင် ဆရာကြီးနှစ်ဦးက
ချွေတာခြင်းသည်တစ်ဦးချင်းအတွက် ကောင်းသော်လည်း လူ့အဖွဲ့အစည်းအတွက် ငွေစီးဆင်းမှုလျော့နည်းစေနိုင်ကြောင်း
မိန့်ဆိုကြသည်ကို ဖတ်လိုက်ရပါသည်။ဆရာကြီးများ၏ အယူအဆမှာ သုံးသင့်သုံးထိုက်သည်များကို
မသုံးဘဲမနေသင့်ကြောင်း ပြောလိုဟန်ရှိပါသည်။ သုံးသင့်သုံးထိုက်သည်ကိုမူ သုံးရပါမည်။မသုံးသင့်
မသုံးထိုက်သည်မူ လုံးဝမသုံးသင့်ပါ။
သာမန်အခြေအနေတွင် မသုံးထိုက်သည်၊ သုံးထိုက်သည်ကို
ဂရုတစိုက်စိစစ်ရန် ပျက်ကွက်သည့်အတွက် ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်သော် ငြားလည်း စီးပွားရေးကျဆင်းနေသောအချိန်မျိုးတွင်
ဂရုတစိုက်စိစစ်ရန် လိုပါသည်။ မိသားစုတစ်ခုတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေယင်းအချက်မှာ
အဓိကအရေးကြီးအချက်ဖြစ်ပါသည်။ နှမ်းတစ်စေ့နှင့်ဆီမဖြစ်ပါဟုမယူဆသင့်ပါ။ နှမ်းတိုင်းနှမ်းတိုင်း
၌ဆီရှိသည်ကို သတိမူသင့်ပါသည်။
စာရေးသူ ဘဏ်တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ်က
ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများကို သွားရောက်စစ်ဆေးသည့်အခါ ၀န်ထမ်းအချို့ နေ့လယ်စာစားချိန်နှင့်
ကြုံတက်ပါသည်။ သူတို့၏ထမင်းဝိုင်းတွင်ထမင်းချိုင့်များချရာ၌စားပွဲမပေစေရန် ငွေစက္ကူပတ်သောစာရွက်
လေးငါးဆယ်ခုခင်းထားပြီး ကျန်လေးငါးဆယ်ရွက်မှာ ပါးစပ်သုတ်ရန်ထားသည်ကို တွေ့ရပါသည်။
ထားပါစို့၊စုစုပေါင်း ၁၀ ရွက်၊၀န်ထမ်းငါးဖွဲ့ထမင်းစားလျှင်အရွက်
၅၀ ဘဏ်ခွဲ၃၀ ရှိသောစာရွက် ၁၅၀၀ တစ်နေ့ကုန်ပါသည်။ တစ်လလျှင် အရွက် ၃၀၀၀၀၊ တစ်နှစ်လျှင်အရွက်
၃၆၀၀၀၀ လေ့ကျင့်ပါသည်။တစ်ရွက်မှာထိုစဉ်ကပုံနှိပ်ခ အပါအ၀င်တစ်ကျပ်ကျသင့်ပါသည်။ထိုသို့ဆိုလျှင်
တစ်ဘဏ်လုံးမှာ ၃၆၀၀၀၀ ကျပ်မျှလေလွင့်သွားပါသည်။ ဤသို့အမှတ်တမဲ့ လေလွင့်သောစရိတ် ငါးမျိုးလောက်ရှိလျှင်
တစ်နှစ်ကို ကျပ်သိန်း ၂၀ ခန့်လေလွင့်စရိတ်ဖြစ်သွားပါသည်။
မိသားစု ဆိုကြပါစို့၊ အခြားစရိတ်ကို မချွေတာသေးခင်
မိမိအိမ်မီးဖို ချောင်မှ အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားသော ထမင်း၊ဟင်းကျန်များမရှိစေရဟူသောမူဖြင့်စားနိုင်သလောက်ချက်၊
ချက်သမျှအကုန်စား၍ ချွေတာကြည့်လျှင် အိမ်အသုံးစရိတ် ၁၀ ရာခိုင်နှုန်းခန့်သက်သာသွားနိုင်ပါသည်။
ဆင်းရဲခြင်းလွတ်ကင်းအောင် ကြိုးပမ်းကြမည်ဆိုလျှင်
ပထမဆုံးလိုက်နာရမည့်အချက်များမှာ သုံးသင့်သည်ကိုသာသုံး၍ မသုံးသင့်သည်များကို မသုံးဘဲနေခြင်းဖြင့်နည်းမှန်လမ်းမှန်
ချွေတာပါဟု အကြံပြုလိုပါသည်။အချို့ကလည်းစောဒကတက်လိုကြပါသည်။ “စားဖို့တောင် အနိုင်နိုင်ရှာနေရတာချွေတာရေးစကကား
လာပြောနေသေးတယ်” ဟု။
ကျွန်တော်သည် ၂၀၀၇ ခုနှစ်က INGO အဖွဲ့အစည်းတစ်ခုတွင်
ငွေရေးကြေးရေးညှိနှိုင်းသူ(Finance Coordinator)အဖြစ် ဆောင်ရွက်ခဲ့ဖူးပါသည်။HIV/AIDS
ဝေဒနာသည်များကို အသေးစားချေးငွေ ထုတ်ချေးရာတွင် Project Officer အဖြစ် တာဝန်ယူခဲ့ပါသည်။
အလွန့်အလွန်ဆင်းရဲသော ဝေဒနာသည်များကကို တွေ့ဖူးပါသည်။
သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးရင်း ချွေတာခြင်းအကြောင်းကိုရှင်းလင်းပြခဲ့ပါသည်၊
တစ်ဦးမှာ ရခိုင်မု့န်တီချက်နည်းကို အဖွဲ့မှဆရာမ တစ်ဦးက သင်ပြပေးပြီး ငွေကျပ် ၅၀၀၀၀
ချေးလိုက်ရာ နောက်နှစ်လကြာသောအခါ အဆိုပါ မိန်းခလေးက သူ ရခိုင်မု့န်တီရောင်းနေကြောင်း၊စက်ရုံ
ဂိတ်ဝတွင်ရောင်းရာ အဆင်ပြေကြောင်း၊တစ်ရက်ကို ကျပ် ၃၀၀၀ ဖိုးအနည်းဆုံးရောင်းရကြောင်း၊မိမိအတွက်အမြတ်
၆၀၀ ကျပ် အနည်းဆုံးရရှိကြောင်း ၀မ်းသာအားရ ပြောလာပါသည်။
နောက်တစ်ဦးမှာ မိန်းကလေးပင်ဖြစ်ပါသည်။ သူ့အား
ငွေကျပ် ၅၀၀၀၀ ထုတ်ချေးလိုက်ပြီး စာရင်းဇယားမှတ်ဖို့၊ အသုံးနှင့် အဖြုန်းကို ခွဲခြားတက်ဖို့၊
တစ်ပွဲထိုးဖြတ်လမ်းချမ်းသာခြင်းမလိုက်ဖို့ အကြံပေးလိုက်ပါသည်။ခြောက်လခန့်ကြာသောအခါ
သူသည် ကျောင်းဈေးတစ်ခုတွင် ပြည့်ပြည့်စုံစုံ ရောင်းချသော လုပ်ငန်းကိုလုပ်ကိုင်နိုင်သည်သာမက
သူ့ညီမအတွက်ပင်ဆိုင်ခွဲတစ်ခု ထောင်ပေးနိုင်သော အခြေအနေသို့ ရောက်ရှိသွားပါသည်။ “စားဖို့တောင်အနိုင်နိုင်ရှာနေရတာ”ဆိုသောသူများ
“ကံညံ့နေလို့”၊ “ဘာဂြိုလ်ထဲရောက်နေလို့” ဆိုသူများကို အကြံပြုလိုပါသည်။အားမငယ်ပါနှင့်။
အလုပ်တစ်ခုကိုမဖြစ်မနေလုပ်ပါ။တစ်ပွဲထိုးချမ်းသာနိုင်မည်ထင်ပြီး(အတိုးနှုန်းမြင့်မားသော
ငွေချေးသူများထံမှ)အလုပ်မလုပ်ပါနှင့်။ စုဘူးတစ်ဘူးထားပါ။ တစ်နေ့တစ်ဆယ်ပဲဖြစ်ဖြစ်စုဘူးထဲထည့်ပါ။
ကမ္ဘာကျော်စာရေးဆရာကြီး ချားလ်ဒစ်ကင်ကပြောဖူးပါသည်။
ငွေတစ်ရာကျပ်ရ၍ကိုးဆယ့်ကိုးကျပ်သုံးပြီး တစ်ကျပ်စုသောသူသည် လောကတွင်ပျော်ရွင်သောသူဖြစ်လိမ့်မည်။
ငွေတစ်ရာကျပ်ရ၍တစ်ရာကျပ်သုံးသောသူသည်
လောကတွင် စိတ်ဆင်းရဲစရာနှင့်ကြုံတွေ့ရလိမ့်မည်။အကျယ်ချဲ့၍မရှင်းတော့်ပါ။ စာဖတ်သူ မိမိဘာသာ
အကျယ်ချဲ့၍စဉ်းစားစေချင်ပါသည်။ အလိုအလျောက် သိလာခြင်းက ပို၍လေးနက်တက်ပါသည်။
ကမ္ဘာစီးပွားရေးကပ် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုသော
စကားလုံးကြီးများကို ပညာရှင်များ၊လုပ်ငန်းရှင်ကြီးများစွာစိတ်ဝင်စားနေကြသည်။ ထိုသူများအတွက်
ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်ချေဦးမည်။လက်လုပ်လက်စား ၊ လခစား၊ စီးပွားရေးဆင်းရဲမွဲတေမှုမျဉ်း၏
အထက်နားရှိဘ၀ကိုရုန်းကန်နေရသောသူများအတွက် မေတ္တာ၊ စေတနာဖြင့် ဤဆောင်းပါးကိုရေးခြင်းဖြစ်ပါသည်။စာရေးသူကိုယ်တိုင်လည်း၊ချမ်းသာလှသူ၊လုပ်ငန်းတစ်ခုကြီးကြီးမားမားလုပ်နေသူမဟုတ်ပါ။
အသက် ၆၀ ကျော်အထိကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရသေးသော လူအိုကြီးတစ်ဦးဖြစ်ပါသည်။ ဒီစီးပွားရေးကပ်ကို
သူများတွေအာရုံမစိုက်မီကပင် အာရုံစိုက်ပြီး မိမိဘ၀အတွက် ကြုံတွေ့လာမည့် အခက်အခဲများကို
ကြိုတင် စဉ်းစားကာ လိုအပ်သောအစီအမံများပြုလုပ်၍ မိမိကိုယ်တိုင် ချွေတာသုံးစွဲရေးလမ်းစဉ်ကို
ဘိုးဘွားမိဘများသင်ပြပေးသည့် အတိုင်း မဟုတ်သည့်တိုင် သင့်တင့်စွာ ကျင့်သုံးနေသူတစ်ဦးဖြစ်ပါသည်။
“ဘာမှမလုပ်တက်ဘူး၊ ဘာလုပ်ရမှာလဲ” ဟု မဆိုမိပါစေနှင့်။’’နှုတ်မှုလက်မှု၊အတက်စုကို၊ငယ်နုသောအား၊
မမေ့ငြားနှင့်၊ရင်းများကုန်စင်၊တက်မြော်မြင်က၊ တစ်ခုမျှလျက်၊ အသက်မွေးကျောင်း၊ဖြစ်တုံရှောင်း၏”
ဟူသောရှေးပညာရှိကြီးများ၏ ဆုံးမစာအတိုင်းကြိုးစားပါက တွေ့လာရမည့် စီးပွားရေးကပ်ကို
ကျော်လွားလွန်မြောက်နိုင်ပါသည်။ အကြံတုံးဥာဏ်တုံးဖြင့် စိတ်ညစ်ညစ်နှင့် အရက်ဖိသောက်၊စဉ်းစားနေတာဆိုပြီး
ဆေးလိပ်တွေနင်းဖွာ၊ ရသမျှလေးထီထိုးနေလျှင်ကား ကျွန်တော် ထိုသူများအတွက် ဆိုစရာစကားမရှိတော့ပါ။
The Voice သတင်းဂျာနယ်
အတွဲ ၅၊ အမှတ် ၂၁၊
မတ်လ ၃၀-ဧပြီ ၅၊ ၂၀၀၉။
ကမ္ဘာ့စီးပွားရေးကပ်ဆိုက်စဉ်ကအကြောင်းလေးကို ပြန်လည်လို့ သတိရမိတယ်။ သဘောကောင်း မနောကောင်းသူတစ်ယောက်
ReplyDeleteအလုပ်သမားတွေအပေါ်အမြဲစေတနာထားပြီး တင်ပြတဲ့အကြံမှန်သမျှကို
သေချာစဉ်းစားချင့်ချိန်ဆုံးဖြတ်တတ်တဲ့ တီတင့်တို့ရဲ့ အလုပ်ရှင်သူဌေး အဲဒီအချိန်က အရှုံးကိုလပေါင်းများစွာ ခါးစည်းခံရင်းနောက်ဆုံးမှာ
စက်ရုံတွေပိတ်ခဲ့ရလို့ အလုပ်သမားထောင်နဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။
ကံကြမ္မာကိုပဲအပြစ်ပုံရမလားမသိဘူးကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ကျေးဇူးတင်ပါတယ် အန်တီတင့်
ReplyDeleteညီလေး .. သိပ်ကောင်းတဲ့ပို့စ်လေးပါပဲ.။ ဆက်ကြိုးစားပါ..။
ReplyDeleteကျေးဇူးတင်ပါတယ် သိပြီးသားဆိုပေမဲ.အခုလိုတိတိကျကျပိုသိ၇တော.ပို၇ှင်းသွားတာပေါ.ကျေးဇူးတင်ပါတယ်
ReplyDeleteမှတ်သားဖွယ်ရာ ပို့စ်ကောင်းလေးပါ အကို ရေ...
ReplyDeleteအသုံး နဲ့ အဖြုံးကို ခွဲခြားသိတတ် ဖို့ အမှန်ပဲ အရေးကြီးပါတယ် ခင်ဗျာ..
အခုလို တင်ပြပေးလို့ကျေးဇူးတင်ပါတယ် ခင်ဗျာ...
ခင်မင်စွာဖြင့်
ရာဇာထွေး