Skip to main content

မသိသူကျော်သွား သိသူဖော်စားနိုင်မယ့် နည်းတချို့

“မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ကာ တချို့အချက်တွေကို သတိထားမိပြီး လိုက်လုပ်ပါက နည်းနည်းလေးလုပ်ရုံနဲ့ အများကြီး အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် အလွယ်လေးနဲ့ ဖော်စားလို့ရမယ့် နည်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ဒေါက်အမြဲစီးပါ

ဒေါက်အမြင့်ကြီးကို ဆိုလိုခြင်း မဟုတ်ပါ။ တစ်လက်မလောက်မြင့်တဲ့ ဒေါက်အပြားကြီးကြီး ကို ပြောခြင်း ဖြစ်ပါတယ်။ လူတွေ ခါး၊ ခြေထောက်နဲ့ ခြေဖဝါးတွေ နာရခြင်းရဲ့ အဓိက အကြောင်းက ဖိနပ်ပါးစီးခြင်း ဒါမှမဟုတ် ဖိနပ်လုံးဝမစီးခြင်းကြောင့်ပါပဲ။ လက်မဝက် ဒါမှမဟုတ် တစ်လက်မလောက်ရှိတဲ့ ဒေါက်က ဒူးနဲ့အရွတ်တွေပေါ် ဖိအားသက်ရောက်မှု လျော့နည်းစေကာ ခြေထောက်ဖြောင့်ဖြောင့်နဲ့ မတ်တပ်ရပ်နိုင်အောင် လုပ်ဆောင်ပေး ပါတယ်။ ဖိနပ်အပါးတွေက ကျောရိုးမှာ ဖိအားဖြစ်စေနိုင်တာကြောင့် ခါးနာရခြင်း ဖြစ်ပါတယ်။ လေးလက်မ ငါးလက်မလောက်ရှိတဲ့ ဒေါက်အချွန်တွေကလည်း ကျောရိုးကို ထိခိုက်စေနိုင်တာကြောင့် အမြဲမစီးသင့်ပါ။
SPF အများကြီးပါတဲ့ နေရောင်ကာလိမ်းဆေး မသုံးပါနဲ့
နေရောင်ကာလိမ်းဆေးဟာ နေရောင်ထဲထွက်မှ နေပူတဲ့ နွေရာသီမှာမှ အသုံးပြုရတာ မဟုတ်ပါဘူး။ နေရောင်ထဲမှာပါတဲ့ UVA ခရမ်းလွန်ရောင်ခြည်က ဘယ်ရာသီမဆို ရှိနေတတ်ကာ တိမ်တွေ၊ မှန်တွေကိုတောင် ဖောက်ထွင်းဝင်ရောက်လာနိုင်ပါတယ်။ UVA ကအသားအရေကို အိုမင်းရင့်ရော်စေနိုင်တတ်ပါတယ်။ ဒါကြောင့် နေပူပူ၊ မိုးရွာရွာ အပြင် ထွက်မယ်ဆိုရင် SPF အနည်းဆုံး ၁၅ ဆပါတဲ့ နေ့လိမ်းခရင်မ်ကို လိမ်းပြီးမှ ထွက်သင့် ပါတယ်။ နေအပူရှိန်ပြင်းတဲ့ နွေရာသီမှာဆိုရင်တော့ SPF 30 ဆလောက် ပါတာမျိုး လိမ်းပေးသင့်ပါတယ်။
ဒါပေမယ့် SPF ဒီထက်များတာတော့ မသုံးပါနဲ့။ SPF 50 ဆက ၃၀ ဆထက် ၀.၅ ရာခိုင်နှုန်းသာ အပိုကာကွယ်မှု ပေးနိုင်တာပါ။ ဒါ့အပြင် ပိုပြီးစေးကပ်ကာ အဆီပြန် တာကြောင့် နေပူထဲသွားရင် ကပ်စေးကပ်စေးနဲ့ သုံးလို့အဆင်မပြေပါဘူး။ ဒါနဲ့ပဲ မသုံးဖြစ်ကာ ချောင်ထိုးထားမိသွားမှာပါ။ နေရောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းက နေပူရှိန်ပြင်းတဲ့ နံနက် ၁၀ နာရီနဲ့ ညနေ ၃ နာရီကြား အပြင်မထွက်ဖို့ပါပဲ။
သွားတိုက်တဲ့အခါ ခြေတစ်ပေါင်ကျိုး ရပ်ပါ
သွားတိုက်တဲ့အခါ ခြေထောက်တစ်ချောင်းတည်း ထောက်ကာ ခြေတစ်ပေါင်ကျိုးရပ်ပြီး တိုက်ပေးခြင်းက ခါးကိုကာကွယ်ပေးနိုင်တဲ့ ဝမ်းဗိုက်အတွင်းရှိ ကြွက်သားတွေကို အကျိုး ရှိစေပါတယ်။ လူအများစုက အတွင်းပိုင်းကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်လေ့ မရှိတာကြောင့် သွားတိုက်တုန်းဒီလိုလုပ်ပေးခြင်းက အချိန်တိုပေမယ့် ထိရောက်မှု ရှိပါတယ်။ ညာဘက်နဲ့ သွားတိုက်တဲ့အခါ ဘယ်ခြေပေါ်ရပ်ပြီး တစ်မိနစ်လောက် တိုက်ပေးကာ နောက်တစ်ခေါက်ဘက်ပြောင်းပြီး တိုက်ပေးလိုက်ပါ။
ဖိနပ်ဝယ်ရာမှာ ညနေပိုင်းမှ ဝယ်ပါ
ခြေဖဝါးတွေဟာ ညနေပိုင်းမှာ အကြီးဆုံးဖြစ်နေတတ်ပါတယ်။ တစ်နေကုန် လမ်းလျှောက်ထား၊ ထိုင်ထားရတဲ့အခါ သွေးတွေက ကမ္ဘာမြေဆွဲအားကြောင့် အောက်ဘက်မှာ အိုင်လာကား ခြေဖဝါးရောင်ပြီး ကြီးနေရခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်တဲ့အခါ ခြေဖဝါးအရွယ်အကြီးဆုံးဖြစ်နေတဲ့ ညနေပိုင်းမှာသာ ဝယ်သင့်ပါတယ်။
ရုံးပိတ်ရက်တွေမှာ အိပ်ရာထ နောက်မကျပါစေနဲ့
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine) ကို အနောက်နိုင်ငံတွေမှာ ရုံးပိတ်ရက် ခေါင်းကိုက်ခြင်း (Weekend Headche) လို့ ခေါ်တတ်ကြပါတယ်။ ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ အဖြစ်များလို့ပါ။
ဘာကြောင့်လဲဆိုတော့ ရုံးပိတ်ရက်တွေမှာ တော်ရုံနဲ့အိပ်ရာကမထဘဲ အီလေးဆွဲကာ လှဲနေတတ်တာကြောင့်ပါ။ အိပ်ရာထချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းက ဟန်ချက် ညီအောင် ထိန်းပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဦးနှောက်ရှိ hypothalamus အပိုင်းကို အကြီးအကျယ်သွားရောက် ထိခိုက်နိုင်တာကြောင့် ခေါင်းကိုက်ရခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ပုံမှန်ရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်နေကျအချိန်မှာ မသောက်ဘဲ အိပ်နေပါကလည်း ကောဖီသောက်နေသူ ကော်ဖီဖြတ်ရာမှာ ဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက် မှုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပုံမှန် ဖြစ်သင့်ပါတယ်။ ပင်ပန်းပြီး အိပ်ချင် နေရင်တောင် ထနေကျအချိန်မှာ ထလာပြီး နေ့လယ်နေ့ခင်းမှ တစ်ရေးတစ်မော ပြန်မှေးလိုက်ပါ။
အိမ်ပြန်ရောက်တိုင်း လက်ဆေးပါ
အအေးမိဗိုင်းရပ်စ် ပိုးတွေဟာ လက်ဖဝါးတွေမှာ များစွာကပ်နေနိုင်တာကြောင့် လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်တို့ကို ပွတ်မိပါက ရောဂါပိုးဝင်ရောက်ပြီး ရောဂါ ရနိုင်ပါတယ်။ အထူးသဖြင့် အများပြည်သူ အသုံးပြုနေတဲ့ တယ်လီဖုန်းတို့၊ ဘတ်စ်ကား လက်ကိုင်ကွင်းတို့မှာ ရောဂါပိုးတွေ ပြည့်နှက်နေမှာပါ။ ဒါကြောင့် လက်ကိုမကြာခဏ ဆေးကြောသင့်ပါတယ်။ အပြင်ကနေ ပြန်ရောက်တိုင်း လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပေးပါ။ လက်ဆေးနေစဉ် “Happy Birthday” သီချင်းဆိုရင်း ဆေးပါက အချိန်ကုန်လို့ ကုန်သွားမှန်း မသိကာ လက်လည်း သန့်ရှင်း သွားပါလိမ့်မယ်။
မျက်စိယားယံပါကလည်း ယောင်ပြီးတော့ မျက်စိကိုလက်နဲ့ မပွတ်မိပါစေနဲ့။ ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်လာနိုင်တာကြောင့်ပါ။ ဒါကြောင့် ရောဂါပိုးတွေ ကင်းဝေးဖို့ လက်ကိုဆပ်ပြာနဲ့ ပုံမှန်ဆေးကြောသင့်ပါတယ်။
ကလေးလို အသက်ရှုပါ
စိတ်ဖိစီးမှုပြေပျောက်ဖို့အတွက် နှာခေါင်းနဲ့တင် မဟုတ်ဘဲ ဝမ်းဗိုက်နဲ့ပါ အသက်ရှုပေးဖို့ လိုပါတယ်။ စိတ်ဖိစီးခြင်းက အသက်ကို ခပ်တိမ်တိမ်သာ ပြီးစလွယ်ရှုမိစေပါတယ်။ ဒီလိုအသက်ရှုရာမှာ ဝမ်းဗိုက်က ကန့်လန့်ဖြတ် ကြွက်သားတွေက ဒီအတိုင်းရှိနေပြီး နံရိုးကို ဝန်းရံထားတဲ့ ကြွက်သားတွေကသာ အလုပ်လုပ်ရပါတယ်။ ဒီကြွက်သားတွေက တဖြည်းဖြည်း မာသထက်မာလာတာကြောင့် စိတ်ဖိစီးမှုများတဲ့ နေ့တစ်နေ့အဆုံးမှာ ကြွက်သားတွေ မာကျစ်ပြီး ပခုံးကြော နာကျင်ကာ ဇက်ကြောတက်ရခြင်း ဖြစ်ပါတယ်။
ဒီလိုမဖြစ်အောင် ပုံမှန်အသက်ပြင်းပြင်း ရှုပေးသင့်ပါတယ်။ ချက်အောက်ပိုင်း အတွင်းဘက်မှာ ဘောလုံးတစ်လုံး ဖောင်းလာတယ်လို့ စိတ်ကူးပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက် ခဏအောင့်ထားကာ နှာခေါင်းကနေ ဖြည်းဖြည်းရှုထုတ်လိုက်ပါ။ နာရီအနည်းငယ်ခြား တစ်ခါလောက် လုပ်ပေးကာ တစ်ခါလုပ်ပါက ရှုသွင်းရှုထုတ် ဆယ်ကြိမ်ကနေ အကြိမ်နှစ်ဆယ်လောက် ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုအသက်ရှုနည်းက ငယ်စဉ်ကလေးဘဝကတည်းက ရှုတဲ့နည်းဖြစ်ပါတယ်။ ကျွန်မတို့အားလုံးက အသက်ကောင်းစွာရှုနည်းနဲ့ မွေးဖွားလာတာဖြစ်ပေမယ့် ကြီးလာတဲ့အခါ အသက်ကောင်းကောင်းရှုဖို့ မေ့လျော့နေတတ်သွားတာ ဖြစ်ပါတယ်။
ကြော်ငြာဝင်ပါက လေ့ကျင့်ခန်းလုပ်ပါ
ကိုရီးယားဇာတ်လမ်းတွဲကောင်းနေတုန်း ကြော်ငြာဝင်လာလို့ စိတ်ပျက်နေတတ်ပါသလား။ စိတ်မပျက်ပါနဲ့။ ဒါဟာ သင့်ကျန်းမာရေးအတွက် အခွင့်ကောင်းတစ်ရပ်လို့ မှတ်ယူလိုက်ပါ။ ကြော်ငြာဝင်လာပါက ဒီအတိုင်းထိုင်ကြည့်မနေဘဲ လေ့ကျင့်ခန်းထလုပ်လိုက်ပါ။ ကြော်ငြာ သီချင်းနဲ့အလိုက် ခုန်ပေါက်ကပါ။ မီးဖိုချောင်ထဲ ထလမ်းလျှောက်ပြီး ရေသွားသောက်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် သင်ဟာ တစ်နေ့ကို ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ကိုယ်လက်လှုပ်ရှားမှု ပြုဖြစ်မှာ မလွဲဧကန်ပါပဲ။
Source : www.myanmarnewszone.com

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ