Skip to main content

 အပန်းဖြေခရီးသွားသူများတဲ့ အားလပ်ရက် နွေရာသီ

အလောင်းတော်ကဿပ၌ ခရီးသွားများအား တွေ့ရစဉ်
ဆောင်းကုန်လို့ နွေရာသီထဲ ချင်းနင်းဝင်ရောက်ခဲ့တာ တစ်လ ရှိခဲ့ပါပြီ။ နွေရာသီ အားလပ်ရက်လို့ ပြောလိုက်ရင် ကျောင်းသား ကျောင်းသူတွေကို ပြေးမြင်ယောင်မိတတ်ကြသလို ကျောင်းသားမိဘတွေ တစ်ခဏ အနား ရချိန်လို့လည်း တွေးမိစေပါတယ်။ တစ်နှစ်တာပတ်လုံး သားသမီးတွေစာနဲ့ လုံးပန်းနေခိုက်မှာ မိဘတွေဆိုတာဟာလည်း သားသမီးတွေနဲ့အပြိုင် ပင်ပန်းခဲ့ကြရတာပါ။ အထူးသဖြင့် သားသို့မဟုတ် သမီးဟာ တက္ကသိုလ် ၀င်တန်း ကျောင်းသား ကျောင်းသူဆိုရင်တော့ သာမန်ထက် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ကြရပါတယ်။ တက္ကသိုလ်ဝင် တန်းဆိုတာဟာ ရှေ့ဆက်လျှောက်ရမယ့် ဘ၀လမ်းကို ပြဋ္ဌာန်းပေးတဲ့ အချိုးအကွေ့ တစ်ခုလည်း ဖြစ်နေတာကြောင့်ပါပဲ။

အခုတော့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေလည်း ပြီးဆုံးချိန်ရောက်ပြီမို့ အားလပ်ရက် နွေရာသီကို အပြည့်အ၀ စတင်ခဲ့ပါပြီ။ မြို့ပြမှာတော့ နွေက အပူကဲလို့။ နယ်ဒေသတွေမှာလည်း နွေနေ့လယ်ခင်းတွေဟာ နွေသရုပ် ပီပြင်နေခဲ့ပြီ။ သဘာဝပတ်ဝန်းကျင် လှပတဲ့ဒေသတွေမှာတော့ နွေဦးရာသီဟာ ပူပြင်းတဲ့နေရောင်ကိုသာ မေ့ထားတတ်ရင် ပန်းရောင်စုံ၊ ရွက်သစ်စိမ်းစိမ်းတွေနဲ့ ကဗျာဆန်ဆန် လှပနေတော့တာပါ။
ပြင်ဦးလွင်မြို့ ပိတ်ချင်းမြောင်ရောက် ပြည်တွင်းခရီးသွားများ
ဒီလိုအချိန်မျိုးဟာ ကိုယ့်မှာလည်း အားလပ်ရက်လေး ရှိမယ်ဆိုရင်၊ အခွင့်အရေးလည်း ပေးမယ်ဆိုရင် အပန်းဖြေ ဒါမှမဟုတ် ဘုရားဖူးခရီးတွေ ထွက်လို့ကောင်းတဲ့ ကာလမျိုးလို့ ပြောစမှတ်ရှိကြပါတယ်။ ဒီနှစ်လည်း အားလပ်ရက် နွေရာသီက စခဲ့ပြီဖြစ်တော့ ကိုယ့်နေရပ်ကနေ ရက်ခဏမျှ ခွဲခွာလို့ ပြည်တွင်းက ခရီးသွားဒေသတွေ၊ မြို့တွေဆီ ခရီးစီစဉ်သွားရောက်ကြတဲ့သူတွေ မြင့်တက်လာခဲ့ပါတယ်။

''ပြည်တွင်းခရီးသွားတွေက အခုများလာတယ်။ နွေရာသီအား လပ်ရက်ကတော့ တခြားကာလတွေထက် ခရီးသွားများလေ့ရှိပါတယ်။ မတ်လကုန်လောက်ဆို ၁၀တန်း ဖြေပြီးတဲ့ ကျောင်းသား မိသားစုတွေ၊ ရုံးဝန်ထမ်း တွေက ပိတ်ရက်တွေမှာ ခရီးသွားကြတာ များမယ်။ ကျောင်းပိတ် ရက်မှာတော့ မိသားစုလိုက်တွေ သွားကြတာမျိုးရှိတယ်။ ဘုရားဖူးခရီးနဲ့ အပန်းဖြေခရီးသွားကတော့ မျှနေပါတယ်''လို့ Unique Star Travels က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
အလောင်းတော်ကဿပ၌ ပြည်တွင်းခရီးသွားများအား တွေ့ရစဉ်
မြန်မာနိုင်ငံထဲမှာပဲ ခရီးသွား လာမယ်ဆိုရင် အပန်းဖြေချင်သူတွေအဖို့ အရင်ဆုံး သတိရတတ်ကြတဲ့ ကမ်းခြေဒေသတွေမှာလည်း လတ်တလောမှာ ခရီးသွားတွေ များနေပါတယ်။ ပြည်တွင်းခရီးသွားတွေ အဓိက ရွေးချယ် တာကတော့ ချောင်းသာကမ်းခြေလို့ ခရီးသွားလုပ်ငန်းတွေ ဆီက သိရပါတယ်။ ပင်လယ်ပြာပြာနဲ့ ရေလှိုင်းဖြူဖြူတွေကို မြင်တွေ့ရရင် ပင်ပန်းသမျှ ပြေပျောက်တယ်လို့ ယူဆကြတာအပြင် နွေရာသီမှာ ပင်လယ်ကမ်းခြေရဲ့ ရာသီဥတု သင့်တင့်မျှတမှုကြောင့်လည်း ကမ်းခြေခရီးသွားလိုသူတွေ များရတာပါ။ ငွေဆောင်ကမ်းခြေကိုလည်း ရွေးချယ် သွားရောက်ကြတာရှိသလို ငပလီမှာတော့ ပြည်တွင်းခရီးသွား အထိုက်အလျောက် ရှိပါတယ်။
ရန်ကုန်မြို့နဲ့ နီးနီးနားနား နှစ်ရက်လောက် အချိန်ပေးရင် သွားလာလို့ရတဲ့ ကျိုက်ထီးရိုးကလည်း အခုအချိန်မှာ ခရီးသွား များနေပါတယ်။ အထူးသဖြင့် ရုံးပိတ်ရက်စနေ၊ တနင်္ဂနွေမှာ ခရီးသွားကြသူများတာပါ။ အထက် မြန်မာပြည် အပါအ၀င် မြန်မာနိုင်ငံ ဒေသအသီးသီးက ဘုရားဖူး ခရီးသွားတွေကိုလည်း ရွှေစက်တော်နဲ့ အလောင်းတော်ကဿပမှာ အများအပြား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
''သောကြာလို ရက်မျိုးမှာတော့ ခရီးသွား ပိုများတယ်။ ကြားရက်ကတော့ နည်းပါတယ်။ ဒီလကုန်ပိုင်းမှာတော့ ခရီးသွားတွေ ပိုများမှာပါ''လို့ ရွှေကြေးစည် ခရီးသွားလုပ်ငန်းက တာဝန်ရှိသူက ပြောပြပါတယ်။

ရာသီဥတု ပူပြင်းခြောက်သွေ့တဲ့ မြို့ပြက လူတွေအဖို့တော့ ရာသီအေးမြတဲ့ တောင်ကြီးခရီးစဉ်ဟာလည်း လည်ပတ်ချင်စရာ ဖြစ်ရပါတယ်။ ''လောလောဆယ် တောင်ကြီးကို အသွားများတယ်။ ဒီမှာကပူတော့ အေးတဲ့ နေရာတွေကို သွားချင်ကြတာပါ''လို့ ရန်ကုန်မြို့က ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ခရီးသွားသူတွေဆိုတာ ကိုယ်တတ်နိုင်တဲ့ စရိတ်နဲ့လည်း လိုက်ဖက်အောင်၊ ရတဲ့အချိန်နဲ့လည်း အဆင်ပြေအောင် ခရီးကို စီစဉ်ကြပါတယ်။ လတ်တလောမှာတော့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေက စီစဉ်နေကြတဲ့ ခရီးစဉ် တွေမှာ တောင်ကြီး-အင်းလေး-ပင်းတယ-ကလော၊ ပုဂံ-ပုပ္ပား၊ ပုဂံ-ရွှေစက်တော်၊ ပုဂံ-တောင်ကြီး၊ မန္တလေး-တောင်ကြီး၊ မန္တလေး-မုံရွာ-ပြင်ဦးလွင်၊ ချောင်းသာ၊ စစ်တွေ-မြောက်ဦး-ငပလီ၊ မန္တလေး-ပြင်ဦးလွင်-မူဆယ်-ရွှေလီ၊ ကျိုက်ထီးရိုး-မော်လမြိုင်-ကျိုက္ခမီ စတဲ့ ခရီးစဉ်တွေ ပါဝင်ပါတယ်။
နွေရာသီ အားလပ်ရက်ကာလလို့ ဆိုပေမယ့် ကျောင်းသားကျောင်းသူ အများစုကတော့ အခိုက်အတန့်ပဲ နားကြရပါတယ်။ စာမေးပွဲပြီးတဲ့အခိုက် မိဘတွေရဲ့ အစီအစဉ်နဲ့ မိသားစုလိုက် အပန်းဖြေခရီးတွေ သွားရောက်ကြပြီး တဲ့နောက်မှာတော့ လာမယ့် အတန်းသစ်အတွက် ကြိုတင် ပြင်ဆင်သူက ပြင်ဆင်၊ အင်္ဂလိပ်စာ သင်တန်းတွေ တက်သူကတက်နဲ့ ဘ၀အတွက် ကြိုးစားကြရပါတယ်။ ကလေးတွေ မအားမလပ် ကြိုးစားရသလိုပဲ မိဘ တွေမှာလည်း သားသမီးတွေနဲ့အပြိုင် နောက်တစ်နှစ်စာ ပင်ပန်းရဦးမှာမို့ အားလပ်ရက်မှာ အပန်းဖြေရင်း လာမယ့်ကာလများအတွက် အားယူကြရပါတယ်။
''ကလေး ၁၀ တန်းဖြေပြီးတာနဲ့ ခရီးသွားဖို့ ကြိုတင်စီစဉ်ခဲ့ပါတယ်။ ရန်ကုန်မှာ ဆွေမျိုးတွေရှိတော့ ကလေးကို ရန်ကုန် လိုက်ပို့တယ်။ ရန်ကုန်မှာ မရောက်ဖူးသေးတဲ့ နေရာတွေ လိုက်ပို့တာပေါ့။ တခြားတော့ ထပ်မသွား ဖြစ်တော့ဘူး။ ဒီခရီးကိုသွားဖို့ စီစဉ်ဖြစ်တာကလည်း ကလေးက ကျောင်းဖွင့်တုန်းက ဘော်ဒါထားတာမို့ ဘယ်မှမသွားမလာဘဲ စာပဲ လုပ်ခဲ့ရတာ။ ဒီကာလလေးမှာ အပန်းပြေစေချင်တယ်လေ''လို့ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပြခဲ့ပါတယ်။
ပြည်တွင်းခရီးစဉ်တွေကတော့ ခရီးစဉ်ဒေသအလိုက်၊ ခရီးသွားဝန်ဆောင်မှုအလိုက် ဈေးနှုန်းအမျိုးမျိုး ရှိနေပါတယ်။ ကျပ် ၇၀၀၀၀ ၀န်းကျင်ကနေ ကျပ် ၄၀၀၀၀၀ကျော် ၀န်းကျင်အထိ အသီးသီး ရှိနေပါတယ်။ ဒီအပေါ်မှာ ကိုပဲ ကိုယ့်အထွာနဲ့ကိုယ် တွက်ချက်စဉ်းစားကြရတာပါ။

''ခရီးသွားချင်ပေမယ့် ငွေကလည်း အများကြီး မတတ်နိုင်တဲ့အတွက် ကိုယ်လည်း အပန်းပြေမယ်၊ ငွေလည်း သိပ်မကုန်တဲ့၊ ရန်ကုန်နဲ့ သိပ်မဝေးတဲ့ ခရီးစဉ်မျိုးကိုပဲ စဉ်းစားထားတယ်''လို့ ရန်ကုန်မြို့နေသူတစ်ဦးကလည်း ဆိုပါတယ်။
လာမယ့် ဧပြီလကတော့ နှစ်စဉ် ခရီးသွား အမြင့်တက်ဆုံး ကာလဖြစ်တဲ့အတိုင်း ဒီနှစ်မှာလည်း ခရီးသွားလုပ်ငန်းတွေက ခရီးစဉ်တွေ ကြိုတင်ရောင်းချနေကြသလို ခရီးသွားတွေဘက်ကလည်း ကြိုတင်မှာကြား ၀ယ်ယူကြ တာတွေ ရှိနေပါပြီ။ သင်္ကြန်ကာလကတော့ ကမ်းခြေဒေသတွေ၊ မန္တလေးအပါအ၀င် ခရီးသွားဒေသတွေမှာ စည်ကားဦးမှာပါ။ နိုင်ငံရပ်ခြား ခရီးထွက်ခွာဖို့ အခုကတည်းက စီစဉ်ကြတာလည်း ရှိပြန်ပါတယ်။ ဒီလိုပဲ ပိတ်ရက် ရှည်ကို အိမ်မှာပဲနေပြီး ဖြတ်သန်းကြသူတွေ၊ တရားစခန်း ၀င်ကြမယ့်သူတွေလည်း ရှိတာပါပဲ။ တချို့တချို့သော သူတွေမှာတော့ ပိတ်ရက်ရှည်ဟာ အသက်မွေးဝမ်းကျောင်းမှုအတွက် လှုပ်ရှားရဆဲ ကာလလည်း ဖြစ်နေ ပါတယ်။ နွေကျောင်းပိတ်ရက်မှာ နောက်တစ်နှစ်အတွက် ကျောင်းစရိတ်ကြိုရှာရတဲ့ ကလေးငယ်တွေကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။  ခရီးသွားခြင်းဟာ စိတ်အပန်းဖြေခြင်းဖြစ်သလို ဘ၀အမောတွေကို အသားတကျ ရင်ဆိုင်နိုင်အောင် ခွန်အားယူခြင်းလည်း ဖြစ်ပါတယ်။ ငွေကုန်ကြေးကျများမှ အပန်းဖြေခြင်း မမည်ပါဘူး။ သေချာတာကတော့ မြန်မာလူမျိုးတွေဟာ ဒေသန္တရ ဗဟုသုတ ရှာဖွေလေ့လာလည်ပတ်တာကို လည်း နှစ်ခြိုက် တတ်သူတွေဖြစ်တဲ့အတွက် ခရီးသွားဖို့ကိုတော့ ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲကနေ ကိုယ့်အထွာနဲ့ကိုယ် ရွေးချယ်နေကြဦးမှာပါ။ 

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ