Tuesday, April 3, 2012

အချိန်.... အချိန်


ကျောင်းလွှတ်ချိန်။ ကျောင်းဝင်းထဲမှ ကျောပိုးအိတ် အကြီးကြီးတွေကို မနိုင်မနင်းထမ်းပိုးကာ လက်တစ်ဖက်က ခြင်းတွေ လက်ဆွဲအိတ်တွေဆွဲရင်း ကျောင်းသားများ၊ ကျောင်းသူများ အလုအယက် လျံထွက် လာကြပါတယ်။ ကျောပိုးအိတ်က ကျောင်း သားတွေရဲ့ ကိုယ်ထက် နှစ်ဆနီးပါး ကြီးမား လေးလံနေပါတယ်။ ဒီလိုနဲ့ အိမ်ကို ရောက်လာပါရော။

''ဟဲ့မြန်မြန်လုပ်လေ။ ကျူရှင် မမီဘဲနေဦးမယ်။''
အမေက ကျောင်းသားစားဖို့ စားစရာ ပြင်ဆင်ရင်း လှမ်းသတိပေးပါတယ်။ ကျောင်းသားခမျာ ကျောင်းဝတ်စုံကိုချွတ်ရင်း အိမ်သာထဲ ပြေးဝင်လိုက်ပါတယ်။ အမေကို သူဘာမှပြန်မပြောပါ။ ဒါပေမယ့် အိမ်သာထဲမှာ အကြာကြီး(အချိန်ရသလောက်) ထိုင်ကာ အချိန်ဖြုန်းပါတယ်။

''ဟဲ့မြန်မြန်လုပ်လို့ဆိုနေ၊ မပြီးသေးဘူးလား။''
''ပြီးပါပြီ မေမေရေ။''
အိမ်သာမတက်ဘဲ တမင်ထိုင်နေရာက ပြန်ဖြေပါတယ်။ ဒီအချိန်လေးပဲ သူ့ခမျာ နားရတာ။ အချိန်ကို ဆွဲနိုင်သလောက် ဆွဲပစ်လိုက်တယ်။ မှတ်ကရော။

နောက်ဆုံး သတ်မှတ်ချိန်ရောက်မှ အိမ်သာထဲကထွက်၊ အမေပြင်ဆင်ပေးထားတဲ့ မုန့်တွေစား၊ ကျူရှင်စာအုပ်ကို ကျူရှင်လွယ်အိတ်ထဲ ထိုးထည့်၊ နေပူကျဲကျဲ၊ ဖုန်သဲသဲကြားမှာ အပြေးထွက်သွားပါတယ်။ သူ့ခေါင်းထဲမှာ ဘာမှပါမသွားပါဘူး။

တကယ်တော့ ကျောင်းသားတွေမှာလည်း အချိန်ဇယား ရှိရပါတယ်။ ကစားချိန်ကစား၊ နားချိန်နား၊ စာကျက်ချိန်စာကျက်စတဲ့ ကလေးတွေနဲ့ ညီညွတ်မျှတတဲ့ အချိန်ဇယား ရေးဆွဲထားရပါမယ်။ ဒီအလေ့အကျင့်ကို ကျောင်းတွေက အစပြုလေ့ကျင့် ပျိုးထောင်ပေးရပါမယ် ...
ကျူရှင် ရောက်ပါတယ်။ ကျူရှင်ဆရာမက စာသင်ပါတယ်။ ဘာတွေသင်နေတာလဲ သူမသိပါ။ ဒီကျူရှင်ပြီးရင် အတန်းပိုင် ဆရာမကိုယ်တိုင် ဖွင့်ထားတဲ့ ကျူရှင်ဆက်တက်ရပါမယ်။ ဒါက မတက်မဖြစ်တက်ရမယ့် ကျူရှင်ပါ။ ဒီနေ့အတွက် သူ့အလုပ်က မပြီးသေးဘူး။ Guide က လာဦးမယ်။ စာတွေ ကျက်ခိုင်းမယ်။ စာတွေမေးမယ်။ ကျက်တော့ ကျက်နေတာပဲ။ ဘာတွေမှန်းလဲ မသိပါ။ ရှေ့ဆက်ရင်ဆိုင်ရမယ့် ပြဿနာ (ကျောင်းသားအတွက် ကြီးမားတဲ့ ပြဿနာ)တွေ။ အများကြီးပဲ။ စဉ်းစားရင်း စာထဲမှာ အာရုံမရှိပါ။ စာသင်ယူရခြင်းဟာ ပျော်စရာမကောင်း ပါလား။ ကြောက်စရာကြီးပါလား။ သူ့စိတ်ထဲမှာ အဲဒီလို ခံစားလာရပါတယ်။
အဲဒီလိုတစ်နေ့တာ လုပ်ငန်းကို အပတ်လည်အောင် မလုပ်နိုင်တဲ့ကြားထဲ ကျောင်းလွှတ်ခေါင်းလောင်းထိုးတော့မှ မနက်ဖြန် အခန်း(၃)ကို စာမေးပွဲ စစ်မယ်တဲ့။ ဆရာမတွေက လိုက်ပြောပါတယ်။
ကျောင်းသားတစ်ယောက်က ပြောပါတယ်။ ''အခန်း (၃)က သင်လို့ မပြီးသေးဘူး ဆရာမ။''နောက်တစ်ယောက်က ထပ်ပြောပါတယ်။''ဆရာမပြောတော့ အခန်း (၃)က လကုန်ခါနီးမှ ပြီးမှာဆို။ အဲဒါ ရှေ့လဆန်းကျမှ စစ်မှာဆို ဆရာမ။''ဆရာမက စိတ်မရှည်စွာ ပြန်အော်ပြောပါတယ်။ ''ဟယ် လေကြောရှည်တဲ့ မိကျောင်းသားတွေ၊ ငါကိုယ်တိုင်တောင် မေးခွန်းမထုတ်ရသေးဘူး။ အေး စာမေးပွဲစစ်ဆို ငါက စစ်ပေးရမှာပဲ။ ဒါပေမယ့် စာမေးပွဲဆိုတာ မင်းတို့ဖြေဖို့ပဲ။ မဖြေလို့က စာမေးပွဲချပစ်မှာနော်။''
တကယ်ဆို ဆရာမကိုယ်တိုင် အခန်း(၃)ကို လဆန်းကျမှ စစ်မယ်လို့ ပြောထားတာ။ အခုမှ ဘာဖြစ်လို့ ကောက်ခါငင်ခါ ထစစ်ရတာပါလိမ့်။ ရှုပ်နေတာပဲ။
ကျောင်းသားဗဟိုပြုသင်ကြားရေး

စာမေးပွဲကို ဘာမပြောညာမပြော အစီအစဉ်မရှိ ကောက်ကာငင်ကာ စစ်တာဟာ ကျောင်းသားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှု လိုက်တာပါပဲ။ စာသင်ကြားရေးရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ကျောင်းသား(ကလေး) ဗဟိုပြု(Child Centre)သင်ကြားရေး ကို လွဲချော်အောင် လုပ်လိုက်တာပါပဲ။ စာမေးပွဲစစ်တယ်။ စာမေးပွဲဖြေတယ်ဆိုတာ လွယ်လွယ်ကူကူ ဖြေလို့၊ စစ်လို့ရတာမျိုး မဟုတ်ပါ။
ကျွန်တော်တို့ ပညာရေးတက္ကသိုလ်မှာ သင်ရတာက စာမေးပွဲစစ်တယ်ဆိုတာ ကျောင်းသားတွေကိုချည်း ဦးတည်စစ်တာ မဟုတ်ပါဘူး။ သင်ကြားသူဆရာ/မ၊ သင်ရိုးညွှန်းတမ်းရဲ့ရည်ရွယ်ချက် ပေါက်မြောက်မှု စသည်တို့ကိုပါ စစ်တာပါ။ ဆိုတော့ သင်ခန်းစာကို ကျေကျေညက်ညက် သင်ထားရပါမယ်။ ကျက်မှတ်လေ့ကျင့်ဖို့ လုံလောက်တဲ့အချိန် ပေးရပါမယ်။ အဲဒီမှာ လုံလောက်တဲ့အချိန်ဆိုတာ ပါလာပါတယ်။ လုံလောက်တဲ့အချိန်ရဖို့ မူလကတည်းက အချိန်ဇယား ဆွဲထားရပါမယ်။ ကျောင်းလို၊ တက္ကသိုလ်လို၊ အများနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ အများပါဝင်ခွင့်ရအောင် အများပါဝင်တဲ့ နေရာတိုင်းမှာ ညှိနှိုင်းတိုင်ပင်ပြီး ကြိုတင်ရေးဆွဲထားတဲ့ အချိန်ဇယားတွေ လိုအပ်ပါတယ်။
တကယ်တော့ ကျောင်းသားတွေမှာလည်း အချိန်ဇယား ရှိရပါတယ်။ ကစားချိန်ကစား၊ နားချိန်နား၊ စာကျက်ချိန် စာကျက်စတဲ့ ကလေးတွေနဲ့ ညီညွတ်မျှတတဲ့ အချိန်ဇယား ရေးဆွဲထားရပါမယ်။ ဒီအလေ့အကျင့်ကို ကျောင်းတွေက အစပြု လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။
ကျောင်းသားနဲ့ အချိန်ဇယား

ကျောင်းတွေမှာ တစ်ပတ်စာ အချိန်ဇယား ရှိပါတယ်။ အဲဒီ အချိန်ဇယားအတိုင်း ဒီနေ့(ဥပမာ- တနင်္လာနေ့)သင်ရမယ့် ဘာသာရပ်ဆိုင်ရာ ဖတ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်၊ စာရေးကရိယာ စတာတွေကို ထည့်ပြီး ကျောင်းကို သွားရပါတယ်။ ဒီလို တစ်ပတ်စာ အချိန်ဇယားရှိပေမယ့် တစ်လစာ၊ တစ်နှစ်စာ အချိန်ဇယား မရှိပါဘူး။ အထူးသဖြင့် အခန်းဆုံး စစ်ဆေးခြင်းရက်ကို သတ်သတ်မှတ်မှတ် ရေးမထားပါဘူး။ အဲဒီလို ကြိုရေးဆွဲမထားတော့ တန်းခွဲများတဲ့ ကျောင်းတွေမှာ တစ်ခန်းက ကြိုပြီးနေပြီး နောက်တစ်ခန်းက နောက်ကျမှ ပြီးနေပါတယ်။ ဒီလိုနဲ့ အခန်းဆုံး စစ်ဆေးခြင်းရက်ဟာ ဆရာတွေရဲ့ ပါးစပ်ကပြောတဲ့ရက် ဖြစ်နေပါတယ်။ ကျောင်းသားတွေဘက်က ကြိုတင်ပြင်ဆင်ထားလို့ မရပါဘူး။ သည်တော့ ခိုးချတယ်။ ကြိုစစ်ထားတဲ့ အတန်းက မေးခွန်းသွားယူ၊ မိတ္တူကူး ကျက်ကြ၊ ဖြေကြ။ ဘယ်လိုလုပ် မှန်ကန်တဲ့ စစ်ဆေးအကဲဖြတ်မှုကို ရနိုင်မလဲ။ ဆိုတော့ ကျွန်တော်တို့မှာ အားနည်းနေတဲ့ အချိန်ကို အကျိုးရှိရှိ အချိန်ဇယားဆွဲ အသုံးချကြဖို့ အကြံပြုလိုပါတယ်။
အချိန်ဇယားဖြင့် အနာဂတ်ကို လွှမ်းမိုးမယ်

အချိန်ကို သိလာပြီးနောက် ပညာရေး နယ်ပယ်၊ လူမှုရေးနယ်ပယ်၊ သိပ္ပံနယ်ပယ်၊ နယ်ပယ်စုံမှာ နည်းပညာတွေ ပြောင်းလဲလာပါတယ်။ အချိန်ဇယားဟာ မရေရာတဲ့ အနာဂတ်ကို ရေရာတိကျအောင် ဆွဲယူနိုင်ပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကိုသာ လွှမ်းနိုင်ခဲ့တဲ့ လူသားတွေဟာ အချိန်ကို အသုံးချပြီး အနာဂတ်ကိုပါ လွှမ်းမိုးနိုင်လာပါတယ်။ နှစ် ၂၀ စီမံကိန်း၊ နှစ် ၃၀ စီမံကိန်းစတဲ့ နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲပြီး အနာဂတ်ကို ယခုကတည်းက ပုံဖော်နေကြပါတယ်။ ၂၀၁၂ ခုနှစ်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဟာ အနာဂတ်ထဲမှာသာ ရှိသေးတဲ့ ၂၀၁၄ ခုနှစ် ကျင်းပမယ့် အိမ်ရှင်နိုင်ငံ ဘရာဇီးလ်နဲ့ ကမ္ဘာ့ဖလားပွဲစဉ်၊ ၂၀၁၈ ခုနှစ်ကျင်းပမယ့် အိမ်ရှင်နိုင်ငံရုရှားနဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေ ရေးဆွဲပြီးသား ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်ဂါလီ ဘောလုံးအဖွဲ့ချုပ်တွေကလည်း ဘောလုံးရာသီအလိုက် ပြိုင်မယ့် အသင်းများအတွဲ၊ ပြိုင်မယ့် ကစားကွင်း၊ ပြိုင်မယ့်အချိန် စတာတွေကို တစ်နှစ်စာအလိုက် အချိန်ဇယား ရေးဆွဲပြီးပါပြီ။
စာအိတ်ကြီးထဲမှ အချိန်ဇယား

ကျွန်တော် ၁၉၉၄ ခုနှစ်က နိုင်ငံခြားပညာတော်သင် အရွေးခံရပါတယ်။ တက်ရောက် ပညာသင်ကြားရမယ့်ကျောင်းက အစ္စရေးနိုင်ငံ ဂိုလ်ဒါမေယာကျောင်းမှာပါ။ တက်ဖို့ ရွေးချယ်ခံရပြီး နှစ်ပတ်မှာ တက်ရောက်ရမယ့်ကျောင်းမှ စာအိတ်ကြီးတစ်လုံး ကျွန်တော့်ဆီ ရောက်လာပါတယ်။

စာအိတ်ထဲမှာ ကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်အစုံ ဖော်ပြထားပါတယ်။ မြေပုံတွေ၊ ဓာတ်ပုံတွေနဲ့တကွ ကျောင်းကိုရောက်သွားသလို မြင်ယောင်လာအောင် ရေးထားပါတယ်။ အဲဒီထဲမှာ ကျွန်တော်အထူးတလည် ဖော်ပြလိုတာက တက်ရမယ့် သင်တန်းတွေကို တက်ရမယ့် သင်တန်းနေရာ၊ သင်တန်းဆရာအမည်၊ လေ့လာရမယ့် ဘာသာရပ်၊ ရက်စွဲ အချိန်ဇယားတွေကို တိတိကျကျ ဖော်ပြထားပါတယ်။ လက်တွေ့ တက်ခဲ့တော့လည်း ကျောင်းမတက်မီ ရေးထားတဲ့ အချိန်ဇယားအတိုင်းအလွဲ အချော်မရှိ တိတိကျကျ တက်ခဲ့ရပါတယ်။

အချိန်ဇယားမပါတဲ့ စီမံကိန်းတွေ၊ လမ်းပြမြေပုံတွေ၊ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ လူ့အဖွဲ့အစည်းတွေဟာ ပဲ့မပါဘဲ ခရီးနှင်နေတဲ့ သင်္ဘောနဲ့ တူနေမှာပါ။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ အချိန်ဇယားတွေ လိုနေသလို ကျောင်းတွေမှာလည်း အချိန်ဇယားနဲ့ ဆောင်ရွက်သင့်ပါတယ် ...
သည်လိုနဲ့ ကျွန်တော် အစ္စရေးလ် နိုင်ငံတဲလ်အဗစ်မြို့၊ ဘင်ဂူရီယမ် လေဆိပ်ကို သတ်မှတ်ချိန် အတိအကျ ရောက်ခဲ့ပါတယ်။ လာကြိုသူက ကျွန်တော့်နာမည်ရေးထားတဲ့ လူခေါ် ကတ်ပြားလေးထောင်ထားပြီး ကြိုဆိုပါတယ်။ သူနဲ့အတူတက်ရမယ့် ဂိုလ်ဒါ မေယာကျောင်းကို လိုက်သွားပါတယ်။ ရောက်ရောက်ချင်း ကျောင်းရဲ့ ဒါရိုက်တာက သူ့အခန်းမှ ကြိုဆိုပါတယ်။ စကားအနည်းငယ်ပြောပြီး စာရွက်တစ်ထပ် ပေးပါတယ်။ အပေါ်ဆုံးစာရွက်က ကျောင်းရဲ့ နေ့စဉ်လှုပ်ရှားမှုကို အချိန်နဲ့တကွ ဖော်ပြထားပါတယ်။
မနက်စာကျွေးချိန်၊ နေ့လည် စာချိန်၊ ညနေစာချိန်၊ အ၀တ်လျော်ပေးမယ့် (ရက်)အချိန်၊ အ၀တ်ပြန်ရွေးချိန်၊ စာကြည့်တိုက် ဖွင့်ချိန်ပိတ်ချိန်၊ အားကစားလုပ်ချိန်၊ အားလပ်ချိန်၊ အပြင်ထွက်နိုင်ချိန်၊ ကျောင်းတံခါးပိတ်ချိန် စသဖြင့် ကျွန်တော် ဘယ်လိုနေထိုင်ရမယ်၊ သူတို့ဘယ် လို ပြင်ဆင်ထားတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ဆိုတော့ သူ့တာကိုယ့်တာ ရှင်းနေလေတော့ ကျောင်းသင်တန်းပြီးဆုံးသည်အထိ တိတိကျကျ ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော့သားက ပြောပါတယ်။ ကျူရှင်ဆရာမ မလာလို့ ဂိမ်းသွားကစားကြတယ်တဲ့။ ဘောလုံး ကန်ကြလို့ ဒူးပြဲသွားတယ်တဲ့။ လာပြန်တော့လည်း နောက်ကျမှ ရောက်လာတာ။ တစ်ခါတလေ စာသင်တာ တစ်နာရီတောင် မပြည့်ဘူး။ နှစ်သာကုန်သွားတယ် စာမကုန်ဘူး။
ကျောင်းမှာရော၊ ပထမအချိန် မြန်မာစာအချိန်၊ ဒါပေမယ့် ဆရာမ မလာသေးဘူး။ မြန်မာစာ သင်ကြားရေးတာဝန်ရှိတဲ့ ဆရာမက သင်ကြားရေး တာဝန်မဟုတ်တဲ့ အခြားအလုပ်တွေ သွားလုပ်နေရလို့ ကျောင်းသားတွေ စာမသင်လိုက်ရဘူး။
တစ်ခါတလေ အင်္ဂလိပ်စာအချိန်မှာ အင်္ဂလိပ်စာ သင်ကြားရေး တာဝန်ယူထားတဲ့ဆရာမက အဆိုပြိုင်မယ့် ကျောင်းသူတွေကို သီချင်းသင်ပေးနေရလို့ သူ့မအစား ဓာတုဗေဒဆရာမ လာသင်ပါတယ်။ ကျောင်းသားတွေက အင်္ဂလိပ်စာအုပ် ထုတ်ထားပြီး အမေး အဖြေတွေ၊ မီးနင်းတွေ ကျက်ထားတာပေါ့။ ရုတ်တရက် မထင်မှတ်ထားတဲ့ ဓာတုဗေဒဆရာမက ဟိုက်ဒြိုဂျင် ထုတ်ဖော်နည်းကို မေးပါတယ်။ ဂုဏ်သတ္တိတွေ မေးပါတယ်။ ကျောင်းသားတွေ မဖြေနိုင်ပါဘူး။ ဆရာမ စိတ်အရမ်းဆိုးပါတယ်။ဘာဖြစ်လို့ ကျောင်းသားတွေ မဖြေနိုင်ရတာလဲ။ ဘာဖြစ်လို့ ဆရာမ စိတ်ဆိုးရတာလဲ။
အချိန်ဇယားကို မလေးစားကြလို့ ဖြစ်တာပါ။ အချိန်ဇယားကို လေးစားခြင်းဟာ တစ်ဦးကိုတစ်ဦး လေးစားခြင်းပါ။ သင်ကြား၊ သင်ယူမှုဖြစ်စဉ် (Teaching-learning Process) မှာ အလွန်အရေးကြီးတဲ့ အချက်တစ်ခုက အဆင်သင့်ဖြစ်မှု (Readiness) ပါ။ ကလေး အဆင်သင့်မဖြစ်ဘဲ စာ သင်ကြားတာဟာ ကျွဲပါးစောင်းတီး လုပ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အချိန်ဇယားအတိုင်း သင်ကြားခြင်းဟာ ဆရာ၊ တပည့် ဆက်ဆံရေးကိုလည်း နားလည်မှု ပိုမိုဖြစ်ထွန်းစေပါတယ်။
ဆိုတော့ အချိန်ဇယားဟာ တိုးတက်ကြီးပွားလိုသူတွေအတွက် အထူးလိုအပ်လှပါတယ်။တစ်သက်တာကို အချိန်ဇယား မဆွဲနိုင်ကြပေမယ့် တစ်နှစ်တာကိုတော့ အချိန်ဇယား ဆွဲကြည့်သင့်ပါတယ်။ အချိန်ဇယားဟာ တစ်နည်းဆိုရရင် အထိန်းအကွပ်ပါ။ ဗရမ်းဗတာ အထိန်းအကွပ်မရှိ လုပ်ချင်သလို လုပ်ဖြစ်ချင်သလို ဖြစ်နေတာဟာ လူညံ့တွေရဲ့ လုပ်ရပ်ပါ။

ကျောင်းတွေမှာ အချိန်ဇယားနဲ့ သင်ကြားဖို့ ဆရာအတတ်သင်ကောလိပ်တွေမှာ ထည့်သွင်းပို့ချထားပါတယ်။ Lesson Plan လို့ခေါ်တဲ့ သင်ခန်းစာပြင်ဆင်ခြင်းကို ဆရာတိုင်း ရေးရပါတယ်။ မိမိတာဝန်ယူရမယ့် အတန်း၊ ဘာသာ၊ ၎င်းတို့နဲ့သက်ဆိုင်တဲ့ သင်ခန်းစာခေါင်းစဉ်၊ သင်ကြားမည့်နည်း၊ သင်ကြားရာတွင် အသုံးပြုမယ့် သင်ထောက်ကူပစ္စည်း၊ စစ်ဆေးမည့် ပုံစံစသည်တို့ကို နှစ်စကတည်းက ကြိုတင်ရေးဆွဲထားရပါတယ်။

လအလိုက်၊ ရက်အလိုက် ရေးဆွဲထားတဲ့ အချိန်ဇယားကိုလည်း ကျောင်းသားတွေကို အသိပေးထား ရပါတယ်။ ဖြစ်နိုင်ရင် မိဘတွေကိုပါ အသိပေးထားသင့်ပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးသုံးဖလှယ် အချိန်ဇယားကို သိထားခြင်းဖြင့် ဒီနှစ်အတွင်း ဘယ်လပိုင်းမှာ ဘုရားဖူးထွက်မယ်၊ ဘယ်လပိုင်းမှာ ပြင်ပဗဟုသုတရမယ့် သင်တန်းတွေ တက်စေမယ် ... စသဖြင့် မိသားစု ကိုယ်ပိုင်အစီအစဉ်တွေ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

တိကျသေချာပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အချိန်ဇယားဟာ ရေးဆွဲထုတ်ပြန်သူနှင့်တကွ ထိုအချိန်ဇယားနဲ့ ပတ်သက်သူတိုင်းကို ထိန်းကျောင်းပေးပါတယ်။
အချိန်နဲ့ အခြေအနေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ပြုလုပ်သော သြဇာရှိ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံပွဲမှာ ''ကတိ၊ က၀တ်တို့ဆိုတာ ဥပဒေစကားနဲ့ ပြောရမယ်ဆိုရင် အချိန်နဲ့ အခြေအနေကို တစ်ခါတည်း ပြောရပါတယ်။''ဥက္ကဋ္ဌကြီးရဲ့ စကားဟာ ယနေ့ဟာနေသေးတဲ့ လိုနေသေးတဲ့ ကွက်လပ်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။လုပ်ငန်းတစ်ခုခု ဆောင်ရွက်တော့မယ်လို့ပြောသာ ပြောနေတယ် ဘယ်အချိန်စမယ်၊ ဘယ်အချိန်ပြီးမယ် စတဲ့ တိကျတဲ့ အချိန်ဇယား မပါရင် ဇာတ်မျောကြီးတစ်ခုကနေသလို အချိန်တွေ ကုန်နေပါတယ်။ ပါဝင်ပတ်သက်ရမယ့်သူတွေလည်း ဘယ်အချိန်မှာ ပါဝင်ဆောင်ရွက်ရမယ်မသိ ဖြစ်နေနိုင်ပါတယ်။ တစ်နည်းပြောရရင် အချိန်ဆွဲဖို့ တမင်တကာများ အချိန်ဇယားကို ချန်လှပ်ထားသလားလို့ ထင်မိပါတယ်။
အချိန်ဇယားမပါတဲ့ စီမံကိန်းတွေ၊ လမ်းပြမြေပုံတွေ၊ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ၊ လူ့အဖ့အစည်းတွေဟာ ပဲ့မပါဘဲခရီးနှင်နေတဲ့ သင်္ဘောနဲ့ တူနေမှာပါ။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းတစ်ခု တိုးတက်ဖို့ အချိန်ဇယားတွေ လိုနေသလို ကျောင်းတွေမှာလည်း အချိန် ဇယားနဲ့ ဆောင်ရွက်သင့်ပါတယ်။ ကျောင်းသားများကိုယ်တိုင် အချိန်ဇယား ရေးဆွဲပြီး နားချိန်နား၊ စားချိန်စား၊ ကစားချိန်ကစား၊ စာကျက်ချိန် စာကျက် စနစ်တကျ ဆောင် ရွက်ကြရင်း မိမိကိုယ်ကို မိမိထိန်းကျောင်းနိုင်တဲ့ အနာဂတ်ရဲ့ သားကောင်ရတနာများအဖြစ် ပေါ်ထွန်းလာအောင် နိုင်ငံတော်မှအစ အုပ်ချုပ်သူ၊ စီမံခန့်ခွဲသူ၊ တာဝန်ယူထားသူ အဆုံးဆရာ၊ ဆရာမများ အပါအ၀င် ၀ိုင်းဝန်းနမူနာပြ အချိန်ဇယားဖြင့် အလုပ်လုပ်ကြရန် တိုက်တွန်းအပ်ပါတယ်။

1 comments:

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...